လုပ်ငန်းခွင်အတွင်းမှာ ပါဝင်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအားလုံးရဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ စိတ်အားထက်သန်မှုဟာ လုပ်ငန်းအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ဖန်တီးလေ့ရှိပါတယ်။ ဝန်ထမ်းအယောက်ချင်းစီတိုင်းဟာ ကိုယ်တာဝန်ယူရတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အတွက်လည်း အမြဲလေ့လာနေရသလို အခြားအထွေထွေ ပညာရပ်တွေဖြစ်တဲ့ အချိန်ကို ဘယ်လိုပိုကောင်းအောင် စီမံခန့်ခွဲနိုင်မလဲ၊ Self-Management နဲ့ လုပ်ငန်းခွင်အတွင်း ဦးဆောင်လုပ်ကိုင်နိုင်ဖို့ ဘယ်လို သင်ယူရမလဲ၊ ကိုယ်ယူထားတဲ့ လုပ်ငန်းတာဝန်ကို ပိုမို အထောက်အကူပြုနိုင်တဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ဘာသာစကားအသစ်တွေကို လေ့လာနိုင်ဖို့ အစရှိတာတွေကို လည်း အမြဲတစေ လေ့လာဖို့ ကြိုးစားနေရမှာပါ။
ဒီအခြေအနေအပေါ် တစ်ကယ်တမ်းစဉ်းစားကြည့်ရရင်…. ပညာရပ်တစ်ခု ဒါမှမဟုတ် ကျွမ်းကျင်မှု အသစ်တစ်ခုကို လေ့လာတဲ့အခါမှာ တစ်ဦးချင်းကိုယ်စီ ကိုယ်စီလေ့လာရတဲ့ တိုးတက်မှု နှုန်းနဲ့ အုပ်စုဖွဲ့လေ့လာတဲ့ အခါမှာ တိုးတက်မှုနှုန်းက သိသိသာသာကွာခြားပါတယ်။ အလားတူပဲ အလုပ်တစ်ဖက်နဲ့ လေ့လာသင်ယူမှုတွေကို တစ်ဖက်မှာမကင်းကွာအောင်နေဖို့ဆိုတာ အချိန်ပြည့်ဝန်ထမ်းတွေ အတွက်တော့ အင်မတန် ရုန်းကန်ရတာပါ။
ဒီအတွက်ကြောင့်ပဲ စိတ်အားတက်ကြွပြီး ကျွမ်းကျင်ရာကို ယုံကြည်မှု အပြည်နဲ့ လုပ်ငန်းလုပ်ဆောင်နိုင်တဲ့၊ တက်ကြွတဲ့ ဝန်ထမ်းကောင်းတွေကို အားပေးနိုင်ဖို့အတွက် ရုံးချိန်တွင်းနဲ့ ရုံးချိန်ပြင်ပ Training and Development အစီအစဉ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်ကြဖို့ အရေးကြီးတယ်ဆိုတာကို ဒီနေ့ခေတ်လုပ်ငန်းခွင်တွေမှာ အသေအချာလက်ခံလာကြတာပါ။
လုပ်ငန်းခွင်အတွင်း မတူညီတဲ့ လုပ်ငန်းတာဝန်အမျိုးမျိုး၊ ရာထူးအမျိုးမျိုးနဲ့ ဝန်ထမ်းတွေကို လေ့လာသင်ယူမှုကတစ်ဆင့် တက်ကြွအားဖြစ်စေတာနဲ့ အားလုံးကို တပြေးညီ စည်းလုံးညီညွတ်စေနိုင်တာကလည်း Training and Development သင်တန်း Session တွေပါပဲ။
ဒီလို ကောင်းတဲ့ အကျိုးဆက်ကို ဖန်တီးပြီး လုပ်ငန်းခွင်ရလဒ်ကောင်းတွေကို ဖြစ်ပေါ်စေမယ့် အပြုသဘောဆောင်တဲ့ Company Culture (လုပ်ငန်းခွင် ထုံးတမ်းစဉ်လာ) တွေကို ဒီနေ့ခေတ်လုပ်ငန်းခွင်တွေမှာ ဖန်တီးယူတတ်ကြဖို့ တော်တော်အရေးကြီး ပါတယ်။